Monday, June 11, 2012

မာန်လည်ဆရာတော်ဘုရား နှင့် မိုးတားဝန်



     မင်းတုန်းမင်းတရားကြီးလက်ထက်က မဟာမင်းခေါင်ဇေယျသူ ဘွဲ့ရ မိုးတားအတွင်းဝန်ဟာ တာဝန်အရ မင်းကိစ္စနဲ့ ဧရာဝတီမြစ်ရိုးတလျှောက် ခရီးသွားရင်း တကောင်းမြို့ကို အရောက်မှာ မင်းရေးကိစ္စနဲ့လာတဲ့ မာန်လည်မြို့သူကြီး ဦးအောင်ကွတ်နဲ့ ဆုံတွေ့ပါတယ်။ မိုးတားဝန်ဟာ မာန်လည်မြို့သူကြီးကို တွေ့တဲ့အခါ မာန်လည်ဆရာတော်ဘုရားအကြောင်း သိလိုစိတ်ပေါ်ပေါက်လာပါတယ်။ အမှန်တော့ မိုးတားဝန်ဟာ ဆရာတောဘုရား ဥာဏ်ပညာကြီးမားပုံကို အထင်မကြီးပါဘူး။ နောက်ပြီး မာန်လည်ဆိုတဲ့ အရပ်ဟာ ရှေးက မင်းမှုသင့် ရာဇ၀တ်သားတို့ကို နယ်နှင်ဒဏ်ပေးတဲ့ မဲဇာဒေသအတွင်းမှာ ပါဝင်ပါတယ်။ ဒါကြောင့် မန်းရွှေမြို့နဲ့မနီး အလှမ်းဝေးတဲ့ဒေသမှာပေါ်လာတဲ့ မာန်လည်ဆရာတော်ဟာ အနှစ်မရှိတဲ့တောမို့ ကြက်ဆူပင်မင်းမူနေခြင်းသာဖြစ်မယ်လို့ တွေးထင်တယ်။ အဲဒီအချိန်တုန်းကလဲ ဆရာတော်ရဲ့အသက်ဟာ ငယ်ရွယ်နေသေးတော့ အကဲစမ်းမယ်လို့ကြံပြီး " အရှင့်ဥာဏ်အတိမ်အနက်ကို သိချင်လို့ ပုစ္ဆာတစ်ပုဒ်ထုတ်ပေးပါဘုရား " ဟု ဦးအောင်ကွတ်မှတဆင့် ဆရာတော်ထံ လျှောက်ကြားခိုင်းပါတယ်။
     ဦးအောင်ကွတ်ဟာ မာန်လည်ပြန်ရောက်တော့ ဆရာတော်ကို ထိုအကြောင်း လျှောက်ကြားပါတယ်။အဲဒီအခါ ဆရာတော်က ဥတ္တရသ္မိံ မဟာရာဇ အစချီတဲ့ ( ၄ ) ဂါထာနှင့်တကွ ဂါထာအဖွင့် သံဝဏ္ဏနာကို ပါဠိသက်သက်ရေးပြီး အမေးပုစ္ဆာ တစ်ပုဒ်ကိုသာ မိုးတားဝန်မင်းထံအရောက် အပို့ခိုင်းလိုက်ပါတယ်။ အဓိပ္ပါယ်က " သြဠာရိကရုပ်သည် ရုန့်ရင်းထင်ရှားသောရုပ်ဖြစ်လျက် ထိုရုပ်ကို သြဠာရိကဓာတ် သြဠာရိကယထနအဖြစ်ကို ဘုရားမဟောထိုသြဠာရိကဓာတ် အာယတန၏အဖြစ်သည် ရှိသလော မရှိဘူးလော အကြောင်းပြ၍ဖြေပါ" ဟု ဆိုလိုပါတယ်။
     အဲဒီအမေးပုစ္ဆာရောက်တော့ မိုးတားဝန်မှာ အဖြေကို မသိတော့ အခက်ကြုံကာ ချွေးဒီးဒီးကျ ဒုက္ခရောက်ပါတော့တယ်။ ဒါကြောင့် ယခုခရီးသွားနေ၍ နောင်အခါမှ ဖြေပါရစေ လို့ စာနဲ့ပြန်ကြားလျှောက်ထားပါတယ်။မာန်လည်ဆရာတော်ကလည်း ဒီပုစ္ဆာဟာ မဆိုစလောက် ဗူးတောင်းငယ်ဖြင့် ကျီစယ်၍ ပေါက်လိုက်သည် အမြောက်ဆံမထင်ပါနဲ့ တကာတော်ဝန်မင်း ဆိုပြီး ပုစ္ဆာကို ဖြေဖို့ တိုက်တွန်းတောင်းဆိုပါတယ်။
     ဒါကြောင့် မိုးတားဝန်ဟာ အားသစ်အင်သစ်ရှာကြံပြီး " ရာဇာဘိရာဇာယောသူရော " အစချီတဲ့ဂါထာ( ၄ ) ခုဖြင့် အဖွင့် သံဝဏ္ဏနာအဖြေလွှာကို ရေးသားပေးပို့ပါတယ်။ ဒါပေမယ့် သူပို့တဲ့အဖြေဟာ အဖြေမှန်နဲ့ နီးစပ်ရုံသာ ရှိပါတယ်။ ဒါ့ပြင် မိမိကိုယ်ကို ချီးကျူးရေးသားထားတဲ့ ဂါထာတို့မှာလဲ ကတ္တား၊ ကံ ၊ ၀ါစက အတပ်မှားနေတယ်။ ဆရာတော်က အဓိပ္ပါယ်ဖော်တော့ ရာဇ၀တ်မှုရောက်လုနီးပါး အနက်ပေါ်နေတယ်။ ပေါ်ပုံက " ရာဇာဘိရာဇာယောသူရော၊ ဇဂိန္ဒော ဇဂတိသာရော၊ သုပညော ပထမဗျာစာလေ သုသဒ္ဓေါဌပ္ပိတော မယာ " ဟူသော မိုးတားဝန်ရဲ့ ကိုယ်ရည်သွေးဂါထာမှာ " ဌပ္ပိတော " ဟာ ကံဟောပုဒ်ဖြစ်တယ်။ အဘယ်ကံကို ဟောသလဲဆိုတော့ ရာဇာဘိရာဇာယော သုပညော ဆိုတဲ့ ၀ိသေသနပုဒ်တို့နဲ့ တန်ဆာဆင်အပ်သော မင်းတုန်းမင်းကြီးကို ညွှန်ပြနေတယ်။ မယာ ဆိုတဲ့ အ၀ုတ္တကတ္တားကလည်း အထင်အရှားပါတဲ့အတွက် အဓိပ္ပါယ်အတိအကျပြန်မယ်ဆိုရင်
     " မြေအပြင်၌ မင်းထက်မင်းဖြစ်တော်မူသော ရဲရင့်သော လူတို့ကို အစိုးရသော မြေအပြင်၏ အရှင်သခင်ဖြစ်တော်မူသော ဘုန်းကံရှိသော မင်းတုန်းမင်းကြီးကို ငါက ယုံကြည်သဖြင့် မင်းအဖြစ်တင်ထားအပ်၏ " လို့ အနက်ထွက်နေပါတယ်။ အမှန်တကယ် သူဆိုလိုချင်တာက မင်းတုန်းမင်းက သူ့ကို ယုံကြည်လို့ အတွင်းဝန်ခန့်တယ် လို့ပြောချင်တာပါ။ ဒါပေမယ့် ဆရာတော်က အနက်အမှန်ပြန်ဆိုလိုက်တော့ ပြောင်းပြန်ဖြစ်သွားပါတယ်။
     မိုးတားဝန်ဟာ ထိပ်ထက်မိုးကြိုးကျသလို တုန်လှုပ်ပြီး ဆရာတော်ရှေ့မှောက်ဝင်ရောက်ကာ သည်းခံတော်မူပါဘုရား တပည့်တော်ဟာ နဂါးမင်းကို မြက်ရှောမြွေအမှတ်ဖြင့် အလမ္ပာယ်ကစားမိသောသူမိုက်ကဲ့သို့ အရှင်ဘုရားအပေါ် အထင်မှား အမြင်မှားဖြစ်မိခြင်းမှာ မှားခြင်းကြီးမက မှားပါပြီ တပည့်တော်အား အသက်ထက်ဆုံး စတုပစ္စက ဒါယကာ အမှတ်ပြု၍ ဆိုဆုံးမတော်မူပါဘုရား ဆိုကာ ပြားပြားဝပ် ၀န်ချပါတော့တယ်။
     အဲဒီလို ပညာဥာဏ်ကြီးမားလှတဲ့ မာန်လည်ဆရာတော် ဦးဇ၀န ဟာ ယနေ့ခေတ်တိုင် ကျော်ကြားနေတဲ့ မဃဒေ၀လင်္ကာသစ်ကို ရေးသားခဲ့သူဖြစ်ပါတယ်။ဆရာတော်ဟာ မဃဒေ၀လင်္ကာကြီးအပြင် အခြားကျမ်းပေါင်းများစွာကိုလည်း ရေးသားပြုစုခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလိပ်သက္ကရာဇ် ၁၉၁၇ ဇန်န၀ါရီလ ၁ ရက်နေ့မှာ အင်္ဂလိပ်အစိုးရက ဆရာတော်ကို အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ကို ဆက်ကပ်လှူဒါန်းပါတယ်။ ဆရာတော်ဟာ လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို လိုလားတော်မူလို့ ဧရာသတီရေလမ်းခရီးနဲ့ စစ်ကိုင်း ၊ ပခုက္ကူ ၊ ပြည် ၊ ဇလွန် ၊ ဟင်္သာတ ၊ ပုသိမ် ၊ ရန်ကုန် မြို့ကြီးများကို ကြွရောက်ပြီး သာသနာပြုတော်မူပါတယ်။ အဲဒီလို သာသနာ့အကျိုးကို အစဉ်သယ်ပိုးတဲ့ ဆရာတော်ဘုရားဟာ သက်တော် ၇၉ ၀ါတော် ၅၉ မှာ ပျံလွန်တော်မူပါတယ်။
     ဤသို့လျှင် အရာရာတွင် ပါရဂုမြောက် ဆိုလောက်ဖွယ် တတ်ကျွမ်းတော်မူသော မာန်လည်ဆရာတော်ဘုရားကြီး၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့ကို ဦးထိပ်မှာ ပန်ဆင်လျက် တပည့်တော်သည် ရှိခိုးဦးချ ကန်တော့ပါ၏ဘုရား။     ။

ကျမ်းကိုး။     ။ ရွှေဘိုမိမိကြီး ၏ သရဖူတို့ရဲ့ သရဖူ
                   ဗိုလ်မှူးဘသောင်း ၏ စာဆိုတော်များအထ္ထုပ္ပတ္တိ     

No comments:

Post a Comment