Tuesday, June 12, 2012

မြတ်စွာဘုရားရှင်၏ ကုသဇာတ်ဟောရခြင်း ရည်ရွယ်ချက်နှင့် ယခုခေတ်လူတို့၏ ခံယူချက်

  


ကျွန်တော်တို့ ကိုးကွယ်နေတဲ့ သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင်ဟာ အကြောင်းတိုက်ဆိုင်လာတဲ့အခါ ဇာတ်တော်တွေကို ဟောပြီး သတ္တ၀ါတွေကို ကယ်ချွတ်ခဲ့ပါတယ်။ ဘုရားဖြစ်ပြီးချိန်မှစ၍ ( ၄၅ ) ၀ါကာလပတ်လုံး တရားတော်များဟောကြားခဲ့ရာ ဇာတ်တော်အားဖြင့် (၅၄၇)ဇာတ် ရှိပါတယ်။ ဒါကို အလွယ်တကူ ၅၅၀ ဇာတ်နိပါတ်လို့ပဲ ခေါ်ကြပါတယ်။ ဘုရားရှင်ဟာ မည်သည့်ဇာတ်ကိုမဆို ဟောရတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ ဒါကြောင့် ဇာတ်တော်များကိုဖတ်ရင် ဘုရားရှင်ရဲ့ ဟောရတဲ့ အကြောင်းရင်းနဲ့ ရည်ရွယ်ချက်ကို သိစေချင်ပါတယ်။ ဒါပေမယ့် ယခုခေတ်လူတွေရဲ့ ကိုယ်လိုရာဆွဲယူတတ်တဲ့ အတ္တတွေကြောင့် တချို့ဇာတ်တွေမှာ လူတွေရဲ့ ခံယူချက်နဲ့ မြတ်စွာဘုရားရှင်ရဲ့ လမ်းညွှန်မှုတွေဟာ ဆန့်ကျင်ဘက်ဖြစ်သွားတတ်ပါတယ်။ ဥပမာအားဖြင့် ဇာတ်တစ်ဇာတ်ကို တင်ပြပါမယ်။ ဒါကတော့ လူတိုင်းကြားဖူးကြတဲ့ မင်းကုသဇာတ်ပါ။
     နတ်နှင့်တကွ လောကကို ဆုံးမတော်မူတတ်သော မြတ်စွဘုရားရှင်ဟာ " ဣဒံ တေ ရဌံ " အစချီတဲ့ ဤကုသဇာတ်ကို ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ် သာသနာတော်၌ ငြီးငွေ့ဆန့်ကျင်၍ လူထွက်ချင်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူခဲ့ပါတယ်။ အဲဒီရဟန်းဟာ သာဝတ္ထိပြည်ထဲ ဆွမ်းခံဝင်ရင်း လှပသော မိန်းမပျိုကို မြင်ပြီး သာသနာမှာ ငြီးငွေ့နေတာပါ။ ဒါကို ဘုရားရှင်က သိတော်မူတော့ အဲဒီရဟန်းကို ဒီလိုဆုံးမပါတယ်။ "ရဟန်း..........ကိလေသာအလိုသို့ မလိုက်သင့်၊ မိန်းမမည်သည်ကား အလွန်ယုတ်မာစွာ၏ ထိုမိန်းမ၌ တပ်စွန်းသောစိတ်ကို ဖျောက်ဘိလော့ ငါဘုရားသာသနာတော်၌ မွေ့လျော်လော့ ထိုစကားသည် မှန်၏ မိန်းမ၌ တပ်စွန်းသောစိတ်ရှိသောကြောင့် ဘုန်းတန်ခိုးအာနုဘော်ရှိုကုန်သော ရှေးပညာရှိတို့သည်လည်း ဘုန်းတန်ခိုး အရှိန်အစော် မရှိကုန်သည်ဖြစ်၍ အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်ဖူးကုန်ပြီ " လို့ မိန့်တော်မူပြီး ကုသဇာတ်ကို ဟောတော်မူပါတယ်။
     ဒီဇာတ်တော်မှာ ကုသမင်းဟာ ပဘာဝတီကို ကြိုက်နှစ်သက်လို့ မိမိရဲ့ ကုသ၀တီမင်းနေပြည်ကို စွန့်ခွာပြီး ယူဇနာ ၁၀၀ ဝေးတဲ့ ပဘာဝတီရှိရာ သာဂလပြည်ကို ခြေလျင်သွားရပါတယ်။ အဲဒီကိုရောက်တော့လဲ ပဘာဝတီကို တွေ့ရမြင်ရအောင် အိုးတော်ဆက်ရ ဖျာတော်ယက်ရ ပန်းကုံးဆက်ရ စားတော်ဆက်ရ နဲ့ အလွန်ကို ပင်ပန်းဆင်းရဲပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သိကြားမင်းအကူအညီနဲ့ ပဘာဝတီကို ရယူနိုင်ခဲ့ပါတယ်။
     ဘုရားရှင်ဟာ ဒီဇာတ်ကို ဟောတာဟာ ဘုန်းပညာလက္ခဏာနဲ့ ပြည့်စုံတဲ့ ဘုရားဆုပန်မင်းယောင်္ကျားတွေတောင် မိန်းမဆိုတဲ့ ရမ္မက်ကြောင့် ကြီးစွာသော ဆင်းရဲဒုက္ခရောက်ရပေတယ်လို့ သိစေချင်တာပါ။ ဒါပေမယ့် ယခုခေတ်လူတွေကတော့ မိန်းကလေးတစ်ယောက်ကို ကြိုက်နှစ်သက်ရင် မင်းကုသ ထုံးနှလုံးမူပြီး မရ ရအောင် ပိုးပန်းယူမယ်လို့ ခံယူထားပါတယ်။ ဒီတော့ ဘုရားရှင်ရဲ့ ရည်ရွယ်ရင်းနဲ့ တခြားစီဖြစ်သွားပါတယ်။ ဒါကြောင့် ဘုရားရှင်ရဲ့ ဆန္ဒတော်နဲ့ ကိုက်ညီိရအောင် မင်းကုသထုံးနှလုံးမူ၍ လို့ မသုံးဘဲ အတတ်ပညာဟူသမျှ ဆရာမရှိဘဲ အလိုလိုတတ်သော သိကြားမင်းပေးသော သားဖြစ်သူ ကုသမင်းပင်လျှင် မိန်းမ ဟူသော အလိုရမ္မက်ကြောင့် ကြီးစွာသော ဆင်းရဲပင်ပန်းခြင်းဖြစ်ရပေတယ်လို့ နှလုံးသွင်းပြီး ကိလေသာအာရုံကြိုးကို ဖြတ်ကြပါစို့။     ။

ကျမ်းကိုး။     ။ မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော် ၏ ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု ( ပဉ္စမတွဲ )

No comments:

Post a Comment